Sunday, January 8, 2017

အာပေါဓါတ်




မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဓါတ် “၆” ပါး ရှုပုံရှုနည်း
*******************************************************
(၂) အာပေါဓါတ်
အာပေါဆိုတဲ့ ရေဓါတ်ဟာလဲ “ဗဟိဒ္ဓ”= အပြင်ရေဓါတ် “အဇ္ဈတ္တ” = အတွင်းရေဓါတ် လို့ ၂ ပါးရှိတယ်။ 

(က) “ဗဟိဒ္ဓ” = အပြင်ရေဓါတ်သဏ္ဍာန်မှာ သမုဒ္ဒရာရေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ မြောင်းရေ၊ အခိုးအငွေ့တို့မှ တဖြစ်လဲပြီး ကောင်းကင်မှ ကျလာတဲ့ရေ၊ ပေါင်းဖွဲ့ယိုစီးခြင်း သဘောဖြစ်သော ရေဟူသမျှကို အပြင်ရေဓါတ်လို့ ခေါ်တယ်။

(ခ) “အဇ္ဈတ္တ” = အတွင်းရေဓါတ်သဏ္ဍာန်မှာ သက်ရှိသတ္တ၀ါ တို့ရဲ့ “သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အ ဆီခဲ၊ မျက်ရည်၊ အဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်” လို့ ၁၂ ပါးသော ပေါင်းဖွဲ့ယိုစီးခြင်း သဘောရှိတဲ့ အရည်တွေကို အတွင်းရေဓါတ်လို့ ခေါ်တယ်။ ဒီ ၁၂ ပါး အပြင် “သုတ်သွေး၊ နို့ရည်” ဆိုတဲ့ ၂ ပါးလဲ ရှိသေးတယ်။ 

သက်ရှိ သတ္တ၀ါတွေ စွန့်ပစ်လိုက်တဲ့ “ကျင်ငယ်၊ နှပ်၊ တံတွေး”များဟာ “အဇ္ဈတ္တ” သဏ္ဍာန်မှ “ဗဟိဒ္ဓ”ဓါတ်အဖြစ်သို့ ရောက်သွားတယ်။ 

အဲ့ဒီတော့ မင်းဥာဏ်နဲ့ ယှဉ်ပြီး ခွက်တစ်ခုနဲ့ မြစ်ထဲက ရေကိုယူ၊ ပြီးတော့ မင်းတို့ စွန့်ပစ်လိုက်တဲ့ ကျင်ငယ်ကို ခွက်တစ်ခုနဲ့ယူ၊ ယှဉ်ထားပြီးတော့ သေသေ ချာချာ စဉ်းစားကြည့်ပါ။ ကိုင်း.....ထိုပေါင်းဖွဲ့ယိုစီးခြင်း သဘောရှိတဲ့ ရေဓါတ်နဲ့ အတူတူပဲ ဆိုတာ တွေ့ရတယ်။ 
ဒီ “ရေ” သည် ငါမဟုတ်၊ ငါ့ရေမဟုတ်” လို့ သိရမယ်။။။။

#ကျေးဇူးတော်ရှင်_မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိကျင့်စဉ် နှင့် သစ္စာအနက် (၁၆) ချက် စာအုပ်မှ ကူးယူပူဇော်ပါသည်။

No comments:

Post a Comment