အချိန်
ရွေးမနေနှင့်
အိုဘယ့်လူသား၊
ငမိုက်သား၊
သင်ကားအ၀ိဇ္ဇာ၊ ပိတ်ဖုံးကာ၍၊
ငါးဖြာအာရုံ၊ ဒုက္ခပုံကို၊
အကုန်မမြင်၊ အကောင်းထင်ကာ၊
ခင်မင်တပ်မက်၊ တွယ်ကာဖက်လျက်၊
အောက်ထက်သံသာ၊ စုန်ဆန်ကာဖြင့်၊
တဏှာလက်သည်၊ ထင်တိုင်းခြယ်၍၊
ဝဋ်၏သားကောင် လုံးလုံးတည်း....။။။။
ဝဋ်၏သားကောင်၊
ဒုက္ခဘောင်မှ၊
လွတ်အောင်ရုန်း၍၊ ချမ်းသာတွေ့ဖို့၊
မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို၊
အမှန်ဥာဏ်ညှိ၊
ဖြစ်တိုင်းသိလော့၊
ဝီရိနှစ်တန်၊ ရှို့မြိုက်တံဖြင့်၊
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်၊
မသေမနာ၊ မအိုပါခင်၊ တက်သုတ်နှင်လျက်၊
ဆောလျင်မြန်စွာ၊ ရှို့မြိုက်ပါလော့၊
နောင်ခါကာလ၊
ချိန်လွန်ရတု၊
နောင်တတကြီး၊ သင်မညည်းနှင့်၊
ဇနီးမယား၊ သမီးသားနှင့်၊
လင်သားအိမ်ရာ၊
အဖြာဖြာကို၊
ငဲ့ကာဖင့်နှေး၊ အချိန်ရွေးက၊
သေဘေးသင့်ကို၊ ဦးလိမ့်တည်း။
ချမ်းမြေ့ဆရာတော်
No comments:
Post a Comment