လောကမှာ လူရယ်လို့လဲ ဖြစ်လာပြီ၊
ဗုဒ္ဓဘာသာ ကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့ မိသားစုထဲမှာလဲ ပေါက်ဖွားလာရပြီ၊ ဆိုရင်တော့
အတိတ်ကံက ကောင်းတဲ့အထောက်အပံ့ အဖြစ် ပေးပြီးဖြစ်နေပါပြီ။
သည်ကမှ ကိုယ်က ရလာတဲ့
အခွင့်အရေးကို ထိထိရောက်ရောက် အကျိုးရှိရှိ သုံးတတ်နိုင်ဖို့၊ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်
ဖြစ်စေဖို့ (လူသားတစ်ယောက်ပီသဖို့) အတွက် ရည်ရွယ်ပြီးတော့ အောက်ပါ နမူနာ
ဥပမာလေးတွေနဲ့ မောင်၊ ညီမလေးတွေ အတွက် ဗဟုသုတ ရစေခြင်းအကျိုးငှာ တင်ပြလိုပါတယ်။
*******************
“သရဏံဂုံအကျိုး”
“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ -
မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏”
“ဓမ္မံသရဏံ ဂစ္ဆာမိ -
တရားတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏”
“သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်အရှင်သူမြတ်အပေါင်းကို
ကိုးကွယ်ဆည်းကပ်ပါ၏”
ဒါက နေ့စဉ်နေ့တိုင်း ရွတ်ဖြစ်နေကြ
ဖြစ်မှာပါ။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်ကိုးကွယ်ရတဲ့
အကျိုးကျေးဇူး ကိုသိရင်တော့ ပိုပြီးထိရောက်မှာ ဖြစ်လို့ အောက်မှာ
အများသိပြီးဖြစ်တဲ့ မိရိုးဖလာ ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းကို
တင်ပြချင်ပါတယ်။
ရာဇဂြိုဟ်မြို့ကြီးမှာပေါ့…. သမ္မာဒိဋ္ဌိ
အယူရှိတဲ့သူရဲ့သားနှင့် မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သူရဲ့သား အဲ့သည်ကလေး နှစ်ယောက် ဟာ
ခုံညင်းကစားကြသတဲ့။ သမ္မာဒိဌိ အယူရှိတဲ့ ကလေးက ခုံညင်းပစ်တဲ့အခါမှာ “နမော ဗုဒ္ဓသ”
(မြတ်စွာဘုရားရှင်အား ရှိခိုးပါ၏) လို့ ဆိုပြီး ပစ်တယ်၊ အမြဲတမ်းနို်င်တယ်။
အဲ့သည်မှာ မိစ္ဆာဒိဌိ အယူရှိတဲ့ ကလေးက ကလေး သဘာဝ “နမော ဗုဒ္ဓသ” လို့ ရွတ်တာဟာ
ကစားရင် နိုင်တယ်လို့ပဲ သိထားပြီး ကျက်ထားတာပေါ့။ အဲ…. တစ်နေ့တော့ မိစ္ဆာဒိဌိအယူရှိတဲ့
ကလေးက သူ့အဖေနဲ့အတူ ထင်းခုတ်လိုက်သွားသတဲ့။ အဲ့သည်မှာ စားကျက်မှာ ကျောင်းထားတဲ့
နွားတွေကို ရှာမတွေ့တော့တာနဲ့ ကလေးအဖေက နွားပျောက်ရှာရအောင် ထွက်လာပြီး ကလေးကို
မြို့ပြင်မှာပဲ ထားခဲ့မိသလို ဖြစ်သွားတယ်။ အချိန်တန်လို့ နွားတွေကို
မြို့ထဲမှာတွေ့တယ် ၊ မြို့ပြင်ကို ပြန်ထွက်မယ် အလုပ်မှာ အချိန်က မှောင်သွားတာနဲ့
မြို့တံခါးကလည်း ပိတ်သွားလို့ တံခါးမှူးကို “တံခါးမှူးကြီးရယ် မြို့ပြင်မှာ
ကျွန်တော့ကလေးလေး တစ်ယောက်ထဲ ကျန်ခဲ့လို့ပါ” “အပြင်ထွက်ခွင့်ပေးပါ” စသဖြင့်
ဘယ်လိုပဲ ရှင်းပြရှင်းပြ မြို့ပြင်ထွက်လို့ မရဘူးဖြစ်နေသတဲ့။ မြို့ပြင်
သုဿာန်နားမှာ ကျန်နေတဲ့ သားဖြစ်သူကို စိတ်ပူရင်း သည်အတိုင်းပဲ မြို့ထဲမှာပဲ
ရှိနေခဲ့ရတာပေါ့။
အဲ့သည်အချိန် မြို့ပြင်
သုဿာန်နားမှာရှိတဲ့ ကလေးက ညကလဲ မှောင်လာ၊ ဗိုက်ကလဲ ဆာနေတာပေါ့။ အဲ့ဒါနဲ့ ကလေးက
လှည်းအောက်မှာ ၀င်အိပ်နေတယ်တဲ့။ မိုးချုပ် ညဥ့်နက်တဲ့အချိန်မှာတော့
အစာရှာထွက်လာတဲ့ ဘီလူးနှစ်ဦးနဲ့ တွေ့တယ်။ အဲ့သည်မှာ ကလေးကို စားမယ်ဆိုပြီး လုပ်တယ်။
သမ္မာဒိဌိ အယူရှိတဲ့ ဘီလူးက တားတယ်။
ဒါပေမယ့်မရဘူး ။ မိစ္ဆာဒိဌိ အယူရှိတဲ့ ဘီလူးက စားမယ်ဆိုပြီး ကလေးခြေထောက်ကို
ဆွဲတဲ့အခါ ကလေးက သူရွတ်နေကျဖြစ်တဲ့ “နမော ဗုဒ္ဓဿ” ကို ရွတ်လိုက်တဲ့အခါ
ဘီလူးလက်တစ်ခုလုံး ပူလောင်သွားသတဲ့။ အဲ့သည်မှာ သူနဲ့အတူပါလာတဲ့ ကောင်းတဲ့ သမ္မာဒိဌိ
အယူရှိတဲ့ဘီလူးက “သင်ဟာ မပြုသင့်တဲ့အပြုကို ပြုမိပြီ၊” ဒါဏ်ထမ်းရမယ်လို့ ဆိုပြီး ဘီလူး နှစ်ဦးစလုံးက ကလေးကို
စောင့်ရှောက်နေရသတဲ့။ ကလေး အစာမစားရသေးဘူး ဗိုက်ဆာနေတာကို သိလို့ ဘီလူးက မြို့ထဲဝင်
၊ ရှင်ဘုရင် စားတော်အုပ်ကို ယူလာပြီး ကလေးကို မိဘဟန်ဆောင်ပြီး ကျွေးရတယ်တဲ့…..။
မနက်လင်းတော့ ဘုရင်ရဲ့
ပွဲတော်ရွှေအုပ်ပျောက်တာနဲ့ မင်းချင်းတွေက ရှာကြတဲ့ကခါမှာ ကလေးနားမှာ
ရွှေအုပ်ကိုတွေ့တာနဲ့ ကလေးကို ဘုရင်ဆီ ဖမ်းလာတာပေါ့။ ကလေးကို မေးတဲ့အခါမှာ ကလေးက
သူ့မိဘတွေ လာကျွေးလို့ စားတာပါလို့ ဖြေတယ်။ မိဘတွေကို စစ်တဲ့အခါမှာ မိဘတွေက
မြို့ထဲကမထွက်နိုင်ဘူးဆိုတဲ့ အကြောင်းကို သက်သေပြနိုင်ကြတယ်။ အဲဒါနဲ့ပဲ ဘုရင်ကြီးက
မြတ်စွာဘုရားဆီသွားမေးလျှောက်တဲ့အခါမှာ “ဗုဒ္ဓါနုဿတိသာလျှင်
အစောင့်အရှောက် ဖြစ်နိုင်သည်မဟုတ် လူ့ခန္ဓာကိုယ်တွင် ခြောက်ဌာနလုံခြုံအောင် စိတ်ကို
ကောင်းစွာ ပွားများကြသော သူတို့အား အခြားသော အကာအကွယ် မန္တန်ဆေးဝါး ဆောင်စရာ မလိုတော့ပြီ”
ဟူ၍ ဟောကြားတော်မူပါတယ်တဲ့” ။
သည်ဥပမာ ကိုကြည့်ခြင်းဖြင့်
မိစ္ဆာဒိဌိ အယူရှိတဲ့ ကလေးတစ်ယောက် ဆီမှာတောင်၊ သရဏဂုံကို ကစားတဲ့ နေရာမှာ
နိုင်ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျက်မှတ် ရွတ်ခဲ့တာတောင် သည်လောက် ထူးတဲ့
အကျိုးကျေးဇူးကို ခံစားရတယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာ
ယုံကြည်ကိုးကွယ်ခွင့်ရတဲ့ သူတစ်ယောက်ဖြစ်နေပြီးသား၊ ဘာသာသာသနာ ရဲ့
အဆုံးအမတွေကြားမှာ လေးစား လိုက်နာနေတဲ့သူ ဆိုရင်တော့ သူ့ရဲ့ အကျိုးကျေးဇူးက
ဆိုဖွယ်ရာမရှိတော့ပါဘူး။ အပ္ပါယ်ဆင်းရဲကနေ လွတ်ကင်းစေတဲ့ ကုသိုလ်တွေထဲမှာ သရဏဂုံ
ကုသိုလ်ပါဝင်နေတာကြောင့် အဲ့သည် သရဏံဂုံ ကုသိုလ် မရရအောင် ပွားများကြပါလို့
မောင်ညီမလေးများကို တိုက်တွန်းလိုပါတယ်။
#ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်(
သာသနာရေးဝန်ကြီးဌာန ) မှ ကောက်နှုတ်ချက်
*********************************
နောက်တစ်ခုတင်ပြချင်တာက လူတိုင်းလူတိုင်းမှာ
ခါးဝတ်ပုဆိုးလို မြဲမြံအောင် ကြိုးစားစောင့်ထိန်းရမယ့် ငါးပါးသီလ အကြောင်း ပါ။
ငါးပါးသီလကတော့ အခြေခံ လူတိုင်းရွတ်တတ်ကြပါတယ်။
“ပါဏာတိပါတာ ဝေရာမဏိ သိက္ခာပဒံ
သမာဓိယာမိ”
“အဒိန္နာဒါနာ ဝေရာမဏိ သိက္ခာပဒံ
သမာဓိယာမိ”
“ကာမေသု မိစ္ဆာစာရာ ဝေရာမဏိ
သိက္ခာပဒံ သမာဓိယာမိ”
“မုသာဝါဒါ ဝေရာမဏိ သိက္ခာပဒံ
သမာဓိယာမိ”
“သူရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရာမဏိ
သိက္ခာပဒံ သမာဓိယာမိ” …….
ကလေးတွေ စကားပြောတတ်တဲ့ အရွယ် ရောက်ပြီ
ဆိုရင်ပဲ မိဘတွေက ဘုရားရှိခိုးတာကို သင်ပေးကြတယ်။
ငါးပါးသီလ သင်ပေးကြ၊ ကလေးတွေကလဲ လိုက်ရွတ်ဆိုကြနဲ့ ကြည်နူးစရာကောင်းတဲ့
ဘာသာအမွေအနှစ်တွေကို ရရှိထားကြပါတယ်။ သည်မှာ ပြောချင်တာက သီလကိုစောင့်ထိန်းရင်
ရတဲ့အကျိုး ဘယ်လောက်များများရလဲ။ အသက်စွန့်ရတဲ့ အခြေအနေ ရောက်နေတာတောင်
ကိုယ်စောင့်ထိန်းခဲ့တဲ့ သီလကို အပျက်အစီးမခံဘဲ စောင့်ထိန်းခဲ့ကြတဲ့ လေးစား
အတုယူစရာ သူတွေအကြောင်းကို မောင်ညီမလေးတွေအတွက် ရည်ရွယ်ပြီး တင်ပြပေးချင်လို့ပါ။
အခု ဥပမာတွေထဲကလို အသက်စွန့်စောင့်ထိန်းနိုင်တဲ့ကိစ္စရပ်တွေကို မလုပ်နိုင်ရင်တောင်
တော်ရုံလောက်နဲ့တော့ ကိုယ်စောင့်ထိန်းထားတဲ့ သီလကို အပျက်မခံဘူးလို့ ပြင်းထန်တဲ့ ခံယူချက်စိတ်ထား ထားနိုင်တယ်ဆိုရင်ပဲ
သည်စာကိုရေးရကျိုးနပ်ပါပြီ….။
“သမ္ပတ္တ ၀ိရတီ - လွန်ကျူးနိုင်တဲ့
အခြေအနေရောက်နေတာတောင် မလွန်ကျူးဖြစ်အောင် စောင့်ထိန်းနိုင်တာ”
“သမ္မာဒါန ၀ိရတီ - သိက္ခာပုဒ် ဆောက်တည်ပြီး
ငါးပါးသီလကို မလွန်ကျူးမိအောင် စောင့်ထိန်းတာ”
“သမုစ္ဆေဒ ၀ိရတီ - အရိယာ
မဂ်ဥာဏ်ကိုရလို့ စိတ်ထဲမှာ လွန်ကျူးလိုစိတ်ကို မရှိလို့ မလွန်ကျူးကြတာ”
ဆိုပြီး သုံးမျိုးရှိပါတယ်။
“သမ္ပတ္တ ၀ိရတီ - လွန်ကျူးနိုင်တဲ့
အခြေအနေရောက်နေတာတောင် မလွန်ကျူးဘဲ စောင့်ထိန်းနိုင်တာ”
ဥပမာလေးနဲ့ပြောရရင် သီဟိုဠ်ခေတ်က
စက္ကနလုလင်အကြောင်းပေါ့။ သူတို့က ညီအစ်ကို နှစ်ယောက်ရှိတယ်။ တစ်နေ့တော့
သူတို့မိခင်ကြီး နေမကောင်းလို့ ရောဂါအပြင်းအထန်ဖြစ်နေတယ်။ သည်မှာ ဆေးဆရာက ယုန်သား
လတ်လတ်ဆတ်ဆတ်ကို ကျွေးရင် မိခင်ကြီးရောဂါသက်သာမယ်လို့ပြောတယ်။ အစ်ကိုကြီးက
ညီဖြစ်သူကို ယုန်ရှာထွက်ခိုင်းတယ်။ ညီဖြစ်သူက ကောင်းပါပြီဆိုပြီး သူ့မိခင်ကြီး
ရောဂါပျောက်ဖို့အတွက် ယုန်သားရစေရမယ် ဆိုပြီး ယုန်ရှာထွက်လာတာ။ တစ်နေရာမှာ စပါးနှံ
အနုလေးတွေစားနေတဲ့ ယုန်တစ်ကောင်ကိုတွေ့တယ်။ သူက ယုန်ကို ဖမ်းဖို့လုပ်တော့
ယုန်ကလည်း ကြောက်အားလန့်အားနဲ့ပြေးတာပေါ့။ အဲ့သည်မှာ ပြေးရင်း ပြေးရင်းနဲ့
ယုန်ကလေး နွယ်တစ်ခုမှာ ငြိနေတာ။ ဆက်ပြေးလို့မရတော့ဘူး။
အဲ့သည်မှာ စက္ကနလုလင် က ယုန်ကလေးကို
ဖမ်းပြီး ယုန်ကို ကြည့်လိုက်တဲ့အခါမှာ ယုန်ကလေးက ကြောက်လွန်းလို့ တုန်နေတာတဲ့။
သူ့စိတ်ထဲမှာ စဉ်းစားရပြီနော် …။ သူ့မိခင်အသက်ကို ကယ်မလား။ ယုန်ကို ကယ်မလား။
သည်နေရာမှာ သာမန်ဆိုရင်တော့ မိခင်ကယ်ဖို့ လုပ်တာပဲ ဆိုပြီး အဲ့သည် ပါဏာတိပါတာကံကို
ကျူးလွန်မိမှာ အသေအချာပါပဲ။ အဲ့သည်မှာ စက္ကနလုလင်က သူ့အမေ အသက်ရှင်ဖို့အတွက်နဲ့တော့
နောက်သတ္တ၀ါ တစ်ကောင်ကို မသတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဆိုလိုတာက တစ်ဦးတစ်ယောက်
အသက်ရှင်ဖို့ အတွက်နဲ့တော့ ကျန်တစ်ဦးရဲ့ အသက်ကို မယူတော့ဘူးလို့
ဆုံးဖြတ်လိုက်တာနော်….။ လူသာမန်တို့ လုပ်နိုင်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ။
သိပ်လေးစားစရာကောင်း တယ်။
အဲဒါနဲ့ယုန်ကလေးကို
လွှတ်ပြီးအိမ်ပြန်လာတော့ အစ်ကိုဖြစ်သူကမေးတယ်။ ဘယ်မှာလဲ ယုန်ဆိုပြီးတော့။ သည်မှာ
သူက ယုန်ကလေးကို မသတ်ရက်လို့ လွှတ်လိုက်တာပါဆိုတော့ အစ်ကိုကြီးဖြစ်သူက မိခင်
အသက်ကိုတောင် မကယ်ဘူး .. ဘာ..ညာ..နဲ့ဆူတဲ့အခါ စက္ကနလုလင်ဟာ သစ္စာဆိုသတဲ့ “သူဟာ
သိတတ်တဲ့အရွယ်ကစပြီး တစ်ပါးသောသူရဲ့အသက်ကို သေစေလိုတဲ့စိတ်နဲ့မသတ်ဘူးပါဘူး။
သည်သစ္စာစကားမှန်ရင် သူ့မိခင်လဲ ရောဂါပျောက်ပါစေ” ဆိုပြီး တိုင်တည်လိုက်တာ
သူ့မိခင်လဲ ရောဂါပျောက်သွားတယ်တဲ့….။
မှတ်သားစရာ…။ လေးစားအတုယူစရာနော်…။
*********************************
နောက်တစ်ခု “သမ္မာဒါန ၀ိရတီ -
သိက္ခာပုဒ် ဆောက်တည်ပြီး ငါးပါးသီလကို မလွန်ကျူးမိအောင် စောင့်ထိန်းတာ”
အဲဒါလဲ
သီဟိုဠ်ခေတ်ကပါပဲ။ လယ်သမားတစ်ယောက် သူကြည်ညိုတဲ့ ဆရာတော်ကြီးထံမှာ ငါးပါးသီလ
ဆောက်တည်ပြီး လယ်ထွန်နေတယ်။ သူလဲ နေ့ခင်းနေ့လည် ခဏတစ်ဖြုတ်နားချိန်မှာ နွားတွေ
မတွေ့တော့ဘူး။ အဲဒါနဲ့ နွားပျောက်လို့ နွားရှာထွက်တဲ့အခါမှာ တောထဲမှာ
စပါးကြီးမြွေကြီးတစ်ကောင်နဲ့တွေ့တယ်။ သူ့လက်ထဲမှာ မြွေကြီးကို ခုတ်ပစ်နိုင် တဲ့
ဓါးမကြီးရှိတယ်နော်..။ မြွေကြီးကလဲ သူ့ကိုတစ်ရစ်ချင်းပတ်..။ သူက လက်ထဲက ဓါးနဲ့
မြွေကြီးရဲ့ ခေါင်းကိုဖြတ်လိုက်ရင် သူအသက်ချမ်းသာမယ်။ ဖြတ်လိုက်မယ်လို့ စဉ်းစားတယ်။
အဲသည်အချိန်မှာ မနက်က သူဆောက်တည်ထားတဲ့ သီလကို သွားသတိရတယ်။ ဒါနဲ့ပဲ မြွေခေါင်းကို
မဖြတ်ဖြစ်တော့ဘူး။ ငြိမ်နေလိုက်..။ မြွေကြီးက တစ်ရစ် ထပ်ပတ်လိုက်..။ သူက
မြွေခေါင်းကို ဖြတ်မယ်လို့ စဉ်းစားလိုက်၊ သီလဆောက်တည်ခဲ့တာကို ပြန်သတိရလိုက်နဲ့
သုံးကြိမ်သုံးခါတောင် ဖြစ်သတဲ့…။ နောက်ဆုံးတော့ ဆောက်တည်ခဲ့တဲ့ သီလကို
အပျက်အစီးတော့ မခံတော့ဘူး..။ မြွေသတ်ရင် သတ်ပါစေတော့ ဆိုပြီး လက်ထဲက ဓါးမကြီးကို
လွှတ်ချလိုက်တာ။ အဲ့သည်ဓါးမကြီးကိုလဲ လွှတ်ချလိုက်ရော ပတ်ထားတဲ့
စပါးကြီးမြွေကြီးကလဲ သူ့ပတ်ထားတာကို ဖြေလျှော့ပြီး တောထဲ ၀င်သွားသတဲ့။
အဲ့သည်နေရာမှာ
စဉ်းစားရမှာက သူ့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လိုလုပ်မလဲ…။ သီလ အပျက်ခံမလား။
မြွေကြီးကို သတ်မလား….။ ဓါးကို လွှတ်ချရုံနဲ့ မြွေထွက်သွားမယ်လို့ အာမ
မခံနိုင်ဘူးနော်။ သေဖို့က သေချာနေတာ……။ သူက သူ့အသက် သေချင် သေပါစေတော့ သီလကိုတော့
အပျက်စီး မခံတော့ဘူးလို့ အသက်နဲ့ လဲပြီး စောင့်ထိန်းတဲ့ သီလပါ။ စဉ်းစားစရာနော်……။
လူသာမန်တို့ စိတ်တောင်မကူးရဲတဲ့ အာဂလူသားပါ။ တကယ့်ကို လေးစားအားကျ
အတုယူထိုက်ပါတယ်။ စာရေးနေရင်းနဲ့တောင် သည်လူရဲ့ သီလကို ကြည်ညိုတဲ့စိတ်တွေ
တဖွားဖွား ဖြစ်နေပါတယ်။
*******************************
နောက်ဆုံးတစ်ခု “သမုစ္ဆေဒ ၀ိရတီ -
အရိယာ မဂ်ဥာဏ်ကိုရလို့ စိတ်ထဲမှာ လွန်ကျူးလိုစိတ်ကို မရှိလို့ မလွန်ကျူးကြတာ”
အရိယာသူတော်ကောင်းကြီးတွေကျတော့
ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ ဆိုတဲ့ ငါဆွဲနဲ့ ၀ိစိကိစ္ဆာကိလေသာ ကို
အမြစ်ပြတ်ပယ်သတ်နိုင်ပြီးသား ဆိုတော့ ဘယ်အကြောင်းပြချက်နဲ့မှ ငါးပါးသီလကို
မလွန်ကျူးကြတော့ဘူး…တဲ့။ သည်အဆင့်ကိုတော့ မရောက်နိုင်ကြသေးပါဘူး…။
**************************
အခုခေတ်မှာ
ငါးပါးသီလကို စောင့်ထိန်းကြတယ်ဆိုပြီး ပေါ့ပေါ့လေး ရွတ်နေဖို့ မဟုတ်ဘဲ “သမ္ပတ္တ
ဝိရတီ” နဲ့ “သမ္မာဒါန ၀ိရတီ” တို့လို မစောင့်ထိန်းနိုင်ခဲ့ရင်တောင်
သာမန်ကိစ္စလောက်နဲ့တော့ သီလကို မပျက်စီးစေဖို့။ သီလကို ကြိုးစားပြီး စောင့်ထိန်းစေဖို့ပါ။
လူတိုင်းကတော့ အသက်ရှင် ၀မ်းရေးအတွက် ရှာဖွေ ရုန်းကန် စားသောက်နေရတာပဲ ဆိုတော့
လွန်ကျူးမိစေတဲ့ ချောင်ပိတ်မိစေတဲ့ အခြေအနေမျိုး တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံကြ၊
ဆုံကြရမှာပါ။ အဲ့သည်လို ကြုံလာ ဆုံလာတဲ့အချိန်မှာ ကိုယ့်စိတ်ကို ကိုယ် အတတ်နိုင်ဆုံးထိန်းနိုင်ဖို့
။ အထက်က ဥပမာတွေလို “ငါအသက်ပေးရလောက်တဲ့ အနေအထား မဟုတ်သေးဘူး” လို့ တွေးပြီး
ကိုယ့်ကိုယ်ကိုယ် ဖြေတတ်ဖို့ပါ။ ကိုယ်တိုးတက်ဖို့ သူတစ်ပါး ဘ၀ကို ချခင်းပြီးမှ
အမြင့်တက်မယ်ဆိုတဲ့ စိတ်ဓါတ်တွေ မမွေးမိစေဖို့ သည်ဥပမာလေးတွေကို မောင်ညီမလေးတွေ ငယ်စဉ်ကတည်းက
သည်လို စိတ်ဓါတ်ခွန်အားတွေ ပါလာစေဖို့အတွက် တင်ပြရတာပါ….။
******************************
အချုပ်အားဖြင့်
တင်ပြရမယ်ဆိုရင် လူတိုင်း မဖြစ်မနေ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ရင်ထဲ က
နှစ်နှစ်ကာကာ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တတ်ဖို့ပါ။ နောက်တစ်ခုက ငါးပါးသီလကို
အတတ်နိုင်ဆုံး မြဲနိုင်သမျှ မြဲအောင်ထိန်းမယ်ဆိုတဲ့ ပြင်းထန်ခိုင်မာတဲ့
စိတ်ဓါတ်ခွန်အားတွေ ငယ်ရွယ်စဉ် ကလေးဘ၀ အရွယ်ကတည်းက အရိုးထဲ အထိ
စွဲမြဲသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကလေးဆိုတာမျိုးက အတုမြင် အတတ်သင်ပါ။
ငယ်ရွယ်စဉ် သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မိဘတွေ ဆရာသမားတွေရဲ့ အနေအထိုင်၊ အပြုအမူ၊
အပြောအဆိုတွေကို နေ့စဉ်နဲ့အမျှ အတုယူနေတာပါ။ သည်အရွယ် ငယ်ရွယ်စဉ် အကုန်မှတ်တတ်တဲ့အရွယ်မှာ ကောင်းတဲ့
အမူအကျင့်တွေ ရစေဖို့ ကြိုးစားကြရမှာ လူကြီးတွေရဲ့ အဓိက တာဝန်ပါလို့ တင်ပြရင်း မဟာဂန္ဓာရုံဆရာတော် ဘုရားကြီး ကဗျာနဲ့
နိဂုံးချုပ်လိုက်ရပါတယ်။
“အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊ အိုးတွင်နှိပ်ခပ်၊
တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ် ကြစေသတည်း။။။။။”
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
ထိုထိုသွေးသား၊ ကလေးများ၌၊ ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊ဗုဒ္ဓ၀ါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီခပ်နှိပ် ကြစေသတည်း။။။။။”
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)
************************************************************
No comments:
Post a Comment